ဝက်ဘ်ဆိုဒ်များ လွတ်လပ်ခွင့် အဖွဲ့ (Web Freedom Group) ၏ အဖွဲ့ဝင်သစ် FACEBOOK

 Facebook ကုမ္ပဏီသည် အင်တာနက် လွတ်လပ်ခွင့်နှင့် သုံးစွဲသူများ လုံခြုံမှုဆိုင်ရာ အခွင့်အရေးများ မြှင့်တင်နိုင်ရန်
ရည်ရွယ် ဖွဲ့စည်းထားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် ချိတ်ဆက်မှု ကနဦး အဖွဲ့ (GNI)  ၏ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် ယမန်နေ့က ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။ Facebook သည် ဒီမိုကရေစီနှင့် နည်းပညာစင်တာ ၊ သတင်းထောက်များ ကာကွယ်ရေးနှင့် အီလက် ထရွန်နစ် ဖောင်ဒေးရှင်း အစရှိသည့် IT အဖွဲ့အစည်းများ ၊ Microsoft ၊ Yahoo ၊ Google အစရှိသည့် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတို့လည်း အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် GNI တွင် ပထမ တစ်နှစ်တာ ကာလက လေ့လာသူ အဖြစ်သာ ပါဝင်ခွင့်ရခဲ့သည်။

ယခုကဲ့သို့ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် တရားဝင် ၀င်ရောက်လာပြီး နောက်ပိုင်း Facebook နှင့် အတူတကွ လက်တွဲကာ ကမ္ဘာတစ်ဝှမ်း အင်တာနက် သုံးစွဲသူများအတွက် တစ်ဦး တစ်ယောက်ချင်း လုံခြုံမှုများ ၊ Network ကွန်ယက် ချိတ်ဆက်မှုများတို့နှင့် ပတ်သက်ပြီး လွတ်လပ်စွာ လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း ၊ GNI အဖွဲ့ဝင်များ အနေဖြင့် အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများမှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ နိုင်ငံရေး ၊ စီးပွားရေးနှင့် လူမှုအရေး အခန်းကဏ္ဍများ အတွက် တဖက်တလမ်းမှ ထောက်ကူပေးနေသည့် အကျိုးရလာဒ်ကောင်းများ ပေါ်ထွက် လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GNI အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးဖြစ်သည့် Susan Morgan က ပြောကြားခဲ့သည်။ Facebook အနေဖြင့်လည်း အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူ့အခွင့်အရေး လွတ်လပ်မှု အပြည့်ဖြင့် အင်တာနက် ၀န်ဆောင်မှုများအား ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပါဝင် ပူးပေါင်းသွားမည် ဖြစ်ကြောင်း Facebook မှ ဒုဥက္ကဌ Elliot Schrage ကလည်း ပြန်လည် ကတိပြု ပြောကြားခဲ့သည်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post