ဂျပန်၏အကြီးဆုံး လေစွမ်းအင် သုံးတာဘိုင်ဖြင့် လျှပ်စစ်စွမ်းအင် စမ်းသပ်ထုတ်လုပ်သွားမည်

ဖူကူရှီးမား စီရင်စုဒေသရှိ ကမ်းရိုးတန်းဒေသရဲ့ ၂၀ကီလိုမီတာ အကွာမှာ ဂျပန်ရဲ့အကြီးဆုံး လေစွမ်းအင်သုံး တာဘိုင်ကိုအသုံးပြုပြီး
လျှပ်စစ်စွမ်းအင် စမ်းသပ်ထုတ်လုပ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။  တာဘိုင်ဟာ ရေပေါ်ပေါ်တဲ့ တာဘိုင် အမျိုးအစားဖြစ်ပြီး တာဘိုင် အောက်ခြေကိုတော့ ပင်လယ်ကြမ်းပြင်မှာ ကျောက်ချထားမှာဖြစ်ပါတယ်။ တာဘိုင်ဟာ အမြင့် ၁၂၂မီတာ၊ အကျယ် ၈၀မီတာရှိတဲ့ လေဒဟတ်တွေနဲ့ ဖန်တီးထားပြီး လျှပ်စစ်ကီလိုဝပ် နှစ်ထောင်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လေစွမ်းအင်သုံးတာဘိုင် စီမံကိန်းကို Marubeini ကုန်သွယ်ရေး ကော်ပိုရေးရှင်း၊ တိုကျိုတက္ကသိုလ်နဲ့ အခြားကုမ္ပဏီ ၉ခုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တာဘိုင်မှ လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို အောက်တိုဘာလမှ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပြီး စမ်းသပ် လုပ်ဆောင်မှုအတွင်း တာဘိုင်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရာမှာ လုံခြုံစိတ်ချမှု အပါအ၀င် အနီးအနားရှိ ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်မှုရှိ၊ မရှိကိုပါ စစ်ဆေးသွားမှာဖြစ်ပါတယ်။

ကမ်းရိုးတမ်းဒေသတွေမှာ လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရတာဟာ ကုန်းတွင်းပိုင်းတွေမှာထက် ပိုမိုအဆင်ပြေ လွယ်ကူကြောင်း သိရပါတယ်။ ပင်လယ်တွေ ၀န်းရံလျက်ရှိတဲ့ ဂျပန်နိုင်ငံအတွင်း လေစွမ်းအင် ဟာ နောက်ပိုင်း မှာတော့နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအတွက် အဓိကအရင်း အမြစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး၊ အဆိုပါ စီမံကိန်းကို စီးပွားဖြစ်အသုံးချသွားဖို့ မျှော်မှန်းထားကြောင်း စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post