အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံမှ ဆိုက်ဘာ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံမှ အာဏာပိုင်တွေဟာ နှစ်နိုင်ငံအကြား အငြင်းပွား လျက်ရှိတဲ့ ဆိုက်ဘာ လုံခြုံရေးနဲ့
ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အကြိုဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ၀န်ကြီးများ အဆင့်ဆွေးနွေးပွဲကိုတော့ ဒီကနေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဆိုက်ဘာလုံခြုံရေး အပါအ၀င် စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ  Jen Psaki က ဆွေးနွေးပွဲ တက်ရောက်မယ့် ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံတကာ ဥပဒေအပါအ၀င် ဆိုက်ဘာ နည်းပညာဆိုင်ရာ ကိစ်္စရပ်တွေမှာ စောင့်ထိန်း လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး  အပြန်အလှန် နှီးနှော ဖလှယ်မှုတွေ ပြုလုပ်သွားဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

အမေရိကန် ပြည်ထောင်စုမှ အစိုးရရုံးတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ ဆိုက်ဘာ နည်းပညာဆိုင်ရာ တိုက်ခိုက်ခံရမှုတွေမှာ တရုတ်နိုင်ငံ ပါဝင် ပတ်သက်နေတယ်လို့ အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားမှုတွေရှိခဲ့သလို တရုတ်ကိုယ်စားလှယ်တွေကလည်း အမေရိကန်ဟာ တရုတ်နိုင်ငံအပေါ် နှစ်အတော်ကြာ ဆိုက်ဘာ နည်းပညာကိုအသုံးပြုပြီး လျှို့ဝှက်ထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း စနိုဒန်ရဲ့ ထုတ်ဖော် ပြောကြားမှုအပေါ် ပြန်လည် ထောက်ပြခဲ့ကြောင်း သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post